မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Couse)ဖွင့်

ဘားအံ ဧပြီ ၂၁

အခြေခံပညာအစဖြစ်သည့်မူလတန်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာကို ကောင်းမွန်စွာသိရှိနားလည်ပြီး အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်တို့တွင် ပြန်လည်အသုံးချနိုင်စေရန် မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း (Main Couse)ဖွင့်ပွဲကို ဧပြီလ ၂၀ ရက်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အင်္ဂလိပ်စာဘာသာစကားသည် ကျောင်းစာမေးပွဲများနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် အောင်မြင်မှုရရှိရန်လိုအပ်သည့်စွမ်းရည်များကို လေ့ကျင့်ပေးနိုင်ခြင်း၊ အတန်းဖော်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်းနှင့် ခေါင်းဆောင်မှုစွမ်းရည်ကိုတည်ဆောက်ပေးနိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပြီး အခြားနိုင်ငံ များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း အကျိုးကျေးဇူးများရရှိကာ နိုင်ငံအတွက်အားထားရမည့် လူငယ်များပေါ်ထွန်းလာစေမှာ ဖြစ်သည့်အတွက် ယခုသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏တပည့်သားသမီးများကို ပြုစုပျိုးထောင်နိုင်ရန် လက်တွေ့ကျကျသင်ယူမှတ်သားကြပြီး စာသင်ခန်းများအတွင်း ပြန်လည်အသုံးချ သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ကချုပ်ဒေါက်တာစိုးစိုးအေးက သင်တန်းအတွက် စီစဉ်ဆောင်ရွက်ထားသည်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက သင်တန်းသား၊ သင်တန်းသူများ တက်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ အဆိုပါသင်တန်းကို တက္ကသိုလ်များတည်ရှိရာ ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်များမှ မူလတန်းပြ အင်္ဂလိပ်စာသင် ဆရာ၊ ဆရာမ ၁၆၂ ဦးတက်ရောက်၍ ဘားအံတက္ကသိုလ်၊ ဘားအံပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာဦးစီးဌာနတို့မှ သင်တန်းနည်းပြများက ဧပြီလ ၂၀ ရက် နေ့မှမေလ ၂၂ ရက်နေ့ထိ(အစိုးရရုံးပိတ်ရက်များမပါ) သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)