အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းရပ်ကွက်တွင် အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

အုတ်တွင်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အပူဒဏ်အန္တရာယ်မှ ကင်း​​ဝေး​စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးလမ်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ၊ အပူဒဏ်ကာကွယ်နိုင်ရေး ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ ခံစားရပါက၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများ ခံစားနေရသည့် လူနာအား အရေးပေါ်ရှေးဦးပြုစုခြင်းများ စသည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)