လွိုင်ကော် ဧပြီ ၂၀
ကယားပြည်နယ်၊ မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးမှာ ပညာရေးဖြစ်ပြီး ပညာရေးတိုးတက်ကောင်းမွန်ခြင်းသည် နိုင်ငံတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ခြင်းကြောင့် အခြေခံပညာရေးကောင်းမွန်တိုးတက်လာပါက အသိပညာရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာပြီး စီးပွားရေး၊ နည်းပညာနှင့် လူမှုရေးကဏ္ဍအားလုံး တိုးတက်လာမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို မူလတန်းပြဆရာဆရာမများ၏ အင်္ဂလိပ်စာ သင်ကြားမှုစွမ်းရည်၊ ဆက်သွယ်မှုစွမ်းရည်နှင့် သင်ကြားရေးနည်းလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချမည့် အကြောင်းအရာများသည် ယနေ့ခေတ်နှင့် ကိုက်ညီသည့် သင်ကြားရေးနည်းလမ်းများကို အခြေခံထားခြင်းဖြစ်သည့်အတွက် သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ကျောင်းများတွင် လက်တွေ့အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများ၏ စနစ်တကျသင်ကြားပို့ချမှုအပေါ် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး အင်္ဂလိပ်စာစွမ်းရည်များ ပိုမိုတိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများ၊ ကြီးကြပ်သူများနှင့် သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး ပြည်နယ်ပညာရေးမှူးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course)တွင် သင်တန်းသားသင်တန်းသူ (၂၅၀)တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ ဖြစ်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်လွိုင်ကော်အား မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ မြို့အဝင်မုခ်ဦးနှင့် မြို့အဝင်လမ်းတစ်လျှောက် လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားသည့် မြေယာရှုခင်းများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးဝဲယာတွင် စိုက်ပျိုးထားရှိသည့် အရိပ်ရပင်များနှင့် ပန်းအလှပင်များ ရေရှည်ရှင်သန်နိုင်ရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေး၊ သတ်မှတ်အပင်အရေအတွက် ပြည့်မီရေးအတွက် အစားထိုးစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရန်ကျန်ရှိနေသည့် အပိုင်းများအား သတ်မှတ်ကာလအတွင်း စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ထေးငှားလျားကန် လမ်းဘေးဝဲယာတွင် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှုနှင့် ထေးငှားလျားကန်ဘေးတွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် စိုက်ပျိုးထားသည့် ပန်းအလှပင်များ စိမ်းလန်းစိုပြည်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)