တနင်္သာရီ ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာအနီး သမန္တကုဋအမည်ရ ခြေတော်ရာတောင်ပေါ်တွင် ဗုဒ္ဓခြေတော်ရာ လင်္ကျာတစ်ဆူတည်ရှိသဖြင့် အရပ်ဝေးအရပ်နီး အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ နေ့စဉ်လာနေမှုများပြားနေသဖြင့် စိတ်အေးချမ်းသာစွာ နားခိုနိုင်ရေးနှင့်နှစ်စဉ်ကျင်းပမြဲဖြစ်သော အသံမစဲပဋ္ဌာန်း ပူဇော်ပွဲများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဓမ္မာရုံတစ်ဆောင်တည်ဆောက်နိုင်ရန် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက ယမန်နေ့ န့နက် ၈ နာရီ အချိန်ကစ၍ အမြင့်ပေ(၂၄၂၄ပေ)ရှိသော ၎င်းခြေတော်ရာတောင်ပေါ် သို့ သွားရောက ်ကြည့်ရှု၍ တိုင်းတာမှုများ ပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှသိရသည်။
ယင်းသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးပရိယတ္တိစာသင် တိုက်ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တဇောတိကနှင့်အကျိုးဆောင်တော်ဆရာတော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ဟိန်း၊ ခြေတော်ရာတောင်ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊မြို့နယ်(လဝက)၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှတာဝန်ရှိသူများ၊ ကုမ္ပဏီများမှ တာ ဝန်ရှိသူများ၊ အလှူရှင်များနှင့်ဒေသခံပြည်သူများ လိုက်ပါတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်နှင့်အဖွဲ့မှ (၂၇ပေx၉၀ပေx၂၄ပေ)အ ရွယ် (၂)ထပ် ဓမ္မာရုံတည်ဆောက်မည့်မြေနေရာအား ကြည့်ရှုတိုင်းတာမှုများ ပြုလုပ်ပြီး အုတ်မြစ်ချ ခြင်းအစီအစဉ်ပြုလုပ်ရန် ညှိနှိုင်းဆွေးနွေးကြကာ သာသနာ့အလံတိုင်ကို စိုက်ထူခဲ့ကြသည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့က ဗုဒ္ဓခြေတော်ရာလင်္ကျာအား အနီးကပ်ကြည့်ရှုပြီး အဆိုပါ ဗုဒ္ဓစက်တော်ရာ ရေရှည်တည်တံ့ရေးနှင့် ဘုရားဖူးပြည်သူများ ပိုမို အမြတ်တနိုးကြည်ညိုတန်ဘိုးထားအောင် အကောင်းဆုံးနှင့် သပ်သပ်ရပ်ရပ်ဖြစ်အောင်နှင့် ဗုဒ္ဓစက်တော်ရာ မပျက်စီးအောင် ၎င်းဗုဒ္ဓစက်တော်ရာ ပတ်ပတ်လည်ကို စတီးအကာ/စတီးဘာဂျာ တံခါးဖြင့် ဝန်းရံမှုများပြုလုပ်ရန် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်၏ ဩဝါဒလမ်းညွှန်မှု အတိုင်း စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ(၂၇ပေx ၉၀ပေx ၂၄ပေ)အရွယ်၊ (၂)ထပ်ဓမ္မာရုံတည်ဆောက်ရန် ၁၃၈၂ခုနှစ်၊တပို့တွဲ လပြည့်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့တွင် စတင်အုတ်မြစ်ချ မင်္ဂလာကျင်းပမည်ဖြစ်ကြောင်းသိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)