မြိတ်တက္ကသိုလ်တွင် ၂ဝ၂၆ ခုနှစ် မူလတန်းပြ ဆရာ/မများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်လှစ်

မြိတ် ဧပြီ ၂၀

တနင်္သာရီတိုင်း မြိတ်တက္ကသိုလ်တွင် မူလတန်းပြဆရာ/မများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course)ကို ဧပြီ(၂၀)ရက် မွန်းလွဲပိုင်းက  မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ဖွင့်လှစ်သည်။

သင်တန်းကို အင်္ဂလိပ်စာ ဖတ်ခြင်း၊ ရေးခြင်း၊ ပြောခြင်း၊ နားထောင်ခြင်း စွမ်းရည်လေးမျိုး (4 Skill ) ကို ကျွမ်းကျင်စေရန်၊ မူလတန်းပြ ဆရာ/မများ အင်္ဂလိပ်စာစွမ်းရည်မြင့်မားလာပြီး ကလေးများအား စွမ်းရည်ပြည့်ဝစွာ သင်ကြားပေးနိုင်ရန်၊ ဆွေးနွေးပို့ချပေးသည့် သင်တန်းမှတဆင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ စွမ်းရည်လေးမျိုးကို နေ့စဉ် လူနေမှုဘဝတွင် လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိက မူလတန်းပြ ဆရာ/မများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course)နှင့်ပတ်သက်သည့် အစီအစဉ်များကို ရှင်းလင်းပြောကြား၍ သင်တန်းနည်းပြ တွဲဖက်ပါမောက္ခ ဒေါ်အေးစိမ့်စိမ့်သူက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းကို မူလတန်းပြ ဆရာ၊ ဆရာမ သင်တန်းသား(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး မြိတ်တက္ကသိုလ်နှင့် အခြေခံပညာမှ သင်တန်းနည်းပြ(၈)ဦးမှ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်း(Main Course)သင်ခန်းစာများကို ဧပြီ(၂၀)ရက်မှ မေလ(၂၂)ရက်နေ့အထိ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)