အိမ်မဲမြို့နယ်၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးသင်တန်း အခမ်းအနားကျင်းပ

အိမ်မဲ  ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး သင်တန်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးထွန်းတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး သင်တန်းကိစ္စများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက သင်တန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်လင်း ပြောကြားခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု  (၁၀၂)အုပ်စုရှိပြီး ရပ်ကွက်(သို့)ကျေးရွာအုပ်စ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြိုတင် အသိပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဇန်နဝါရီလ (စတုတ္ထပတ်)မှ ဖေဖော်ဝါရီလ (ပထမပတ်)ထိလည်းကောင်း၊ ဆယ်အိမ်စုအစုအဖွဲ့နှင့် ရာအိမ်မှူးအစု အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသိပေးခြင်းကို ဖေဖော်ဝါရီလ (ဒုတိယနှင့်တတိယပတ်)တွင် လည်းကောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ကျေးရွာတာဝန်ခံနှင့်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ (စတုတ္ထပတ်)၊ မတ်လ(ပထမပတ်နှင့်ဒုတိယပတ်)တို့တွင် ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)