ထားဝယ် ဧပြီ ၂၀
မူလတန်းပြ ဆရာ၊ ဆရာမများအတွက်အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ကျင်းပရာ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများက ပညာရွှေခေတ်သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် အရည်အသွေးပြည့်လူ့စွမ်းအား အရင်းအမြစ်များဖြစ်သော အသိပညာရှင် အတတ်ပညာရှင် များစွာလိုအပ်ကြောင်း၊ အနာဂတ် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် မျိုးဆက်သစ်လူငယ်များကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန်၊ အသိပညာရှင်၊အတတ်ပညာရှင်ဖြစ်ရန်နှင့် ဗလငါးတန် ပြည့်ဝရန်အတွက် နိုင်ငံတော်ကပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မူလတန်းအဆင့်တွင် အင်္ဂလိပ်စာသည် ကလေးတစ်ယောက်၏ အနာဂတ်ပညာရေးနှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအတွက် အခြေခံအကျဆုံး၊ အရေးအကြီးဆုံး မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ မျက်မှောက်ခေတ်ပညာရေးစနစ်တွင် အင်္ဂလိပ်စာသည်ဘာသာ ရပ် တိုင်း၏သော့ချက် ဖြစ်ကြောင်း၊ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းများသည် ဆရာ၊ဆရာမများအတွက် ပညာရေး အရည်အသွေးမြှင့်တင်ရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဆရာ၊ ဆရာမ များအနေဖြင့်မိမိတို့သည်ပညာရေးလောက၌ တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်သည်နှင့်အညီ မိမိတို့၏ ဘာသာရပ်ဆိုင်ရာနောက်ဆုံးပေါ်သုတေသနများ၊ စာအုပ်စာတမ်းများကို လေ့လာဖတ်ရှုနိုင်ရန်၊ သင်ကြားရေးနည်းစနစ်သစ်များကို အင်္ဂလိပ်ဘာသာဖြင့်လေ့လာပြီး ကျောင်းသား၊ ကျောင်းသူများကို ပိုမိုထိရောက်စွာ ပြန်လည်သင်ကြားပေးနိုင်ရန်၊ နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သည့်အခါတွင် ယုံကြည်မှုရှိရှိ ပြောဆို ဆက်ဆံနိုင်ရန်အတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုသည် အလွန်အရေးကြီးကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် နွေရာသီအားလပ်ရက်ကာလတွင် မိမိကိုယ်ကို အရည်အသွေးမြှင့်တင်ရန် (Self-Development)အတွက် အချိန်ပေးပြီး အင်္ဂလိပ်စာအရည် အသွေးမြှင့်သင်တန်းများ တက်ရောက်ကြသည်ကို များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ သင်တန်းမှရရှိလာမည့် အင်္ဂလိပ်စာအရည်အချင်းများကိုအသုံးချပြီး မိမိတို့၏ပတ်ဝန်းကျင်နှင့် ကျောင်းသား ၊ကျောင်းသူများကို ပိုမိုကောင်းမွန်သော ပညာအလင်းရောင်များ ပေးဝေကြရန်လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများက ဒို့တာဝန်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
သင်တန်းတွင် မူလတန်းပြ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၂၀၀) အား ထားဝယ်တက္က သိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးနှင့်တာဝန်ရှိသူများက မေ ၂၀ ရက်အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)