ပွင့်ဖြူ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါမြို့နယ်များမှ လေဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်က ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ အမှာစကားပြေားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေးဖြစ်ပွားနိုင်ပြီး ကြိုတင်ခန့်မှန်း၍မရနိုင်သည့်အတွက် အလေးမမူဘဲ နေထိုင်သည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုများ ပိုမိုခံစားရနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်ဆက်ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတာကြောင့် လေပြင်းဘေးအပါအဝင် ရေဘေး ၊ မီးဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်စိန်ခေါ်မှုများအပေါ် ဒေသခံပြည်သူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိထားပြီး သဘာဝဘေးဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ အမြဲတစေလေ့ကျင့်ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်းစသဖြင့် ပြောကြားပြီး လေဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၆)ရွာမှ လုံးဝပျက်စီးသွားသော လူနေအိမ် ၄၈ လုံး၊ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးနေအိမ် ၂၃၈ လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၆၇၀၀၀၀၀၊ လေဘေးသင့်ပြည်သူ ၇၈၇ ဦးအတွက် နှစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၃၉၃၅၀၀၀၊ ဒဏ်ရာရသူ(၁)ဦးအတွက် ငွေကျပ် ၅၀၀၀၀ ၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၀၆၈၅၀၀၀ နှင့် တန်ဖိုးငွေ ၅၀၆၈၅၄၄ ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (အိမ်ထောင်စု ၄၈ စုစာ) ၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၅၈၅၃၅၄၄ အား လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဒေသခံတောင်သူများ နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီများ လယ်ယာလုပ်ငန်းခွင်အရောက် အထူးသက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)