ပွင့်ဖြူ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၆၂၁၂၀ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားသော ကုလားပဲစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၀ ဒသမ ၅၈ တင်း ထွက်ရှိကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ကုလားပဲ ၆၂၁၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ကုလားပဲစိုက်ခင်းတွေကို ယခုနှစ် ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ လက်ရှိမှာ ဧကအားလုံးကို ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ကုလားပဲသီးနှံရိတ်သိမ်းခြွေလှေ့တာနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် အချိန်မီ သီးနှံရိတ်သိမ်းနိုင်အောင်၊ ရိတ်သိမ်းပြီးတဲ့ ကုလားပဲများကို အရည်အသွေးကောင်းမွန်အောင် စနစ်တကျထားသိုထိန်းသိမ်းကြဖို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိ ကုလားပဲစိုက်ပျိုးတောင်သူများကို စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသနဲ့ကိုက်ညီသော မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ အထွက်နှုန်းများတိုးတက်အောင် စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကုလားပဲသီးနှံကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုးပွားကာ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးလာမည်ဖြစ်သောကြောင့် ကုလားပဲကိုပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)