ပွင့်ဖြူ ဧပြီ ၁၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပွင့်ဖြူမြို့နယ် အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသော ဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ ဧပြီ ၁၉ ရက်တွင် ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရေးအတွက် မြေယာပြုပြင်ရန် ကျန်ရှိသော စိုက်ပျိုးမြေဧက (၂၀၅၆၉) ဧက အတွက် တစ်ဧကလျှင် စက်သုံးဆီ တစ်ဂါလန်နှုန်းဖြင့် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၂၀၅၆၉) ဂါလန်ကို ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ အနောက်ကိုင်းကျေးရွာအုပ်စု၊ ပေတောကျေးရွာအုပ်စု၊ သရက်တော ကျေးရွာအုပ်စု၊ စုစုပေါင်း စုရပ်ငါးနေရာတို့တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများတွင် အသုံးပြုရန်အတွက် တောင်သူများလက်ဝယ်အရောက် လက်ငင်းငွေးချေစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာ စေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီများ တစ်ဂါလန်လျှင် ငွေကျပ် (၁၀,၀၀၀) နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လယ်ယာလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )