မကွေး ဧပြီ ၁၉
မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လူမှုစီးပွားဘဝနှင့်ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းနှင့် သွားတုအံကပ်များ အခမဲ့တပ်ဆင်ပေးနေမှုကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ သက်ကြီးအဘိုး၊ အဘွားများ အားအခမဲ့ မျက်စိကုသပေးခြင်းနှင့် သွားတုအံကပ်တပ်ဆင်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးအဘိုး၊အဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသ ဆောင်ရွက်ပေးနေမှု၊ မသွားတုအံကပ်တပ်ဆင်ပေးနေမှု၊ အခမဲ့မျက်စိကုသဆောင်ရွက်ပေးနေမှုနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအား လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော သက်ကြီး အဘိုး၊ အဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်သက်ဆိုင်ရာဌာန အသီးသီးနှင့်ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထုတွေအကျိုးရှိမယ့် လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ထောင့်စေ့အောင် ကြိုးစားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ၊ မကွေးမြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ သက်ကြီး ဘိုးဘွားများအား အခမဲ့ဆေးဝါးကုသပေးနေမှုအား ကြည့်ရှုအားပေးပြီး ဘိုးဘွားများအား အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ဒေသရှိ ဘိုးဘွားများအနေဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကို ကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သော လူမှုဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် အခမဲ့ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ အခမဲ့ဆေးကုသမှု အဖြစ်သွားနှင့် ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အထွေထွေရောဂါကုဆရာဝန်ကြီးများက ဦးဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)