ကြံခင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား “ဂုဏဝိသိဋ္ဌပူဇာ” ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ကြံခင်း ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာတွင် ၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအားဂုဏဝိသိဋ္ဌပူဇာ ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့ရာ သက်တော်ရှည်ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ ပင့်သံဃာတော် အရှင်သူမြတ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား လယ်ယာပရိယတ္တိ စာသင်တိုက် ပဓာနနယာက ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကဝိသာရ ရေးသားမူသော ပလ္လင်တော်ပင့် နိမန္တဂါထာတော်” ဖြင့် ဆရာတော်မှ ရွတ်ဖတ်ပူဇော်လျက် အပူဇော်ခံပလ္လင်ထက်သို့ သာသနာရေး ဆိုင်ရာထုံးတမ်း အစဉ်အလာနှင့်အညီ ပင့်ဆောင်ကြပြီး၊ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနား သီချင်းခန့်ဖြင့် တေးသံရှင် အေးမြတ်သူက သီဆိုပူဇော်သည်။

ဆက်လက်၍ ကြံခင်းမြို့၊ ဂိုဏ်းထောက် ကျောင်းတိုက် ပဓာနယာကဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြပြီး၊ ဟင်္သာတမြို့၊ မဟိတာရုံကျောင်းတိုက်ဆရာတော်ရေးစပ်သော ဂုဏပသတ္တ ဂါထာတော်အား မှော်ဘီမြို့၊ သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ကလည်းကောင်း၊  သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ပိန္နဲကွင်းဆရာတော်ကြီး၏ ထေရုပတ္တိအကျည်းအား ကညင် ချောင်းဆရာတော်မှလည်းကောင်း ဖတ်ကြားပူဇော်ကြသည်။ ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်တို့က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ပိန္နဲကွင်းဆရာတော်ကြီး ထံ ထပ်ဆင့်ဆက်ကပ် လှူဒါန်းကြပြီး၊ တေးသံရှင်များက ပိန္နဲကွင်းဆရာတော်ကြီးအတွက် ရေးစပ်သီကုံး ထားသည့် ရတုပိုဒ်စုံ၊ တေးထပ်များကို သီဆိုပူဇော်ကြသည်။

ထို့နောက် ကြာနီကန်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘန္ဒန္တဣသဘ (နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်)နှင့် ပင့်သံဃာတော်အရှင်သူမြတ်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က အသီးသီး လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်(၁) ဆရာတော်ဘဒ္ဒန္တဇောတိဿရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား  ရုပ်သိမ်းသည်။

ဆက်လက်ပြီး အကြည်ညိုခံပင့်သံဃာတော်အရှင်သူမြတ်များအား နေဆွမ်းဘောဇဉ်အာဟာရများ တာဝန်ရှိသူများက လှူဒါန်းကြပြီး၊ အဆိုပါ “ဂုဏဝိသိဋ္ဌပူဇာ ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ  မင်္ဂလာ အခမ်းအနားသို့ကြွရောက်လာကြသော ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဖြိုး‌ဝေလင်း(ပြန်/ဆက်)