ဆိပ်ဖြူ ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်အန္တရာယ်လျော့ကျရေး လူစည်ကားသည့် နေရာများအား ရေသယ်ယာဉ်များဖြင့် ရေဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်သည် အပူပိုင်းဒေသရပ်ဝန်း၌ တည်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိနေ့အပူချိန်များမြှင့်တက်နေပြီး ချောက်မြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒေသနေ့အပူချိန် တိုင်းထွာချက်များအရ ဧပြီ ၁၈ ရက်တွင် အမြင့်ဆုံးအပူချိန် (၄၃ ဒသမ ၆) ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း ၊ ဧပြီ ၁၉ ရက် နံနက်၁၁နာရီ နေ့အပူချိန်(၄၃ ဒသမ ၄) ဒီဂရီ စင်တီဂရိတ်ရှိကြောင်း သိရသည်။
ထိုသို့ နေအပူချိန်မြင့်မားသည့်အချိန်အတွင်း ဒေသခံပြည်သူများ အပူဒဏ်လျော့ပါးသက်သာစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူစည်ကားနေရာဖြစ်သည့် ပတ္တမြားဈေးနှင့် အများအသုံးပြုလျက်ရှိသည့် လမ်းမကြီးနေရာများကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဉ်များ၊ ပုဂ္ဂလိကပိုင် ရေသယ်ယာဉ်များဖြင့် အပူဒဏ်လျော့ပါးသက်သာစေရန် ရေဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရပ်ကွက်နေသက်ကြီးဘိုးဘွာများအတွက် ရွှေမင်းဝန်သာသနာ့ဗိမ္မာန်၌ အပူရှောင်စခန်းကိုဖွင့်လှစ်ထားကြောင်း၊ အပူဒဏ်အန္တရာယ်ကြောင့် ကျန်းမာရေးအရေပေါ်အခြေအနေတစ်စုံတရာဖြစ်ပေါ်လာပါက ကုသဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူဆေးရုံ၌ဆေးဝါးများနှင့် အထူးကြပ်မတ်ကုသဆောင်နေရာများလည်း ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)