တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦးအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

တောင်ငူ ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ()နာရီက စေတီတော်ရင်ပြင်ရှိ ဘုရားကိုးဆူ အာရုံခံတန်းဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် သြဝါဒါစရိယဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အောင်မြင်ဇေယျုံဆရာတော် ဘဒ္ဒန္တဇဝနထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက နှစ်ဦးအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။ ထို့နောက် သြဝါဒါစရိယဆရာတော်ကြီးများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ဒါယိကာများက လှူဖွယ် ပစ္စည်းများ ဆက်လက်လှူဒါန်းကြသည်။

ထို့နောက် အောင်မြင်ဇေယျုံကျောင်းမှ စာချဆရာတော် ဦးက္ကုဿရိယက နတ်ဗြဟ္မာများကို ဖိတ်ကြား၍ မရမ်းကျောင်းမှ စာချဆရာတော် ဦးကုမုဒက ပဌာန်းရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာဂါထာကို ဖတ်ကြားတိုက်တွန်းသည်။ ယင်းနောက်အလှည့်ကျ သံဃာတော်အရှင်မြတ်များက ပဌာန်းပစ္စယုဒ္ဒေပါဠိတော်ကို ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့်အလှူရှင်များက သြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အဆိုပါ နှစ်ဦးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)