ကြို့ပင်ကောက် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီ ၁၉ ရက်ကကျင်းပသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တို့တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်အား ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန်လိုကြောင်း ကြိုတင်ပြင်ဆင်မှု ကုန်ကျစရိတ်သည် ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုပြင်ဆင်စရိတ်ထက် ကုန်ကျစရိတ်များစွာသက်သာကြောင်း ကြိုတင်ပြင်ဆင်ထားရှိပါက ဘေးအန္တရာယ်ဖြစ်ပွားလာချိန် ထိခိုက်ဆုံးရှုံးနိုင်မှုလျှော့ချနိုင်ကြောင်း သဘာဝဘေးလျှော့ချနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းရန် လိုအပ်ကြောင်း သစ်ပင်များ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း ပြောကြားပြီး ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်မြို့နယ်တို့မှ လေဘေးသင့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ငွေကျပ် ၄၉,၄၇၅,၀၀၀ ပံ့ပိုးပေးခဲ့ပြီး လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။
ထို့နောက် ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက် (၆၃) သစ်စက်ဝန်းအတွင်း လေဘေးအန္တရာယ်ကြောင့် အိမ်ပြိုကျခဲ့သည့် ဦးသန်းဌေး၏ နေအိမ်ပြန်လည်ပြုပြင်နေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဧပြီ ၁၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကုန်မြို့နယ်တွင် ပြိုလဲ နေအိမ်(၁၀)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃၇၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း တို့ ထိခိုက်ခဲ့ကြောင်း နှင့် ကြို့ပင်ကောက်မြို့နယ်တွင် ပြိုလဲနေအိမ် (၅၇)လုံး၊ အမိုးလန်နေအိမ် (၆၃၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ စာသင်ကျောင်း (၂)ကျောင်း၊ ကျေးလက် ဆေးပေးခန်း(၁)ခန်းပျက်စီးခဲ့သည်။ အဆိုပါ လေဘေးကြောင့် ပျက်စီးနေအိမ်များမှ အိမ်ထောင်စု(၆၉၆)စု၏ အမျိုးသား (၁၀၉၃)ဦး၊ အမျိုးသမီး(၁၁၁၂)ဦး၊ စုစုပေါင်း (၂၂၀၅)ဦးတို့ လေဘေးသင့်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)