ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇီးကုန်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ဇီးကုန်း ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဧပြီလ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်ဆီးနေအိမ်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လင်းသူက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်က လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လင်းသူနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ပြိုလဲနေအိမ်တစ်လုံးလျှင် နှစ်သိန်းကျပ်ဖြင့် နေအိမ် (၁၀) လုံးအတွက်ကိုလည်းကောင်း၊ အမိုးလန်ပျက်ဆီးနေအိမ်တစ်လုံးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် နေအိမ် (၃၇၅) လုံးအတွက်ကိုလည်းကောင်း၊ စုစုပေါင်း (၂၀၇ သိန်း၊ ငါးသောင်း) ကျပ်ကို လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)