မြို့သစ်မြို့နယ်တွင် ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မြို့သစ် ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဧပြီလ (၁၈) ရက်နေ့ နေ့လယ် ၂ နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် မြို့အဝင်နေရာများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးသည်။

အဆိုပါ ပူဇော်ပွဲကို ဆရာတော်သံဃာတော်များ၏ သြဝါဒခံယူ၍ဗုဒ္ဓတရားတော်ဖြင့် ရပ်ရွာဒေသ ပြည်သူများ ဘေးအန္တရာယ်ကင်းဝေး ငြိမ်းချမ်းသာယာရရှိစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ သုခသမ္ပဒါလေသာကျောင်းတိုက် ဂေါပကအဖွဲ့၊ ရပ်မိ ရပ်ဖ ဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်သည်။

ရှေးဦးစွာ လေသာကျောင်း၏ ဗိမ္မာန်တော်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာများ၊လေသာကျောင်း၏ ဂေါပကအဖွဲ့၊ ရပ်မိ ရပ်ဖ ဒေသခံပြည်သူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။

၎င်းနောက် ဆရာတော်သံဃာတော်များက မြို့ပေါ် ရပ်ကွက်များ၊ လမ်းများနှင့် မြို့အဝင် နေရာများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်ရေ၊ ပရိတ်သဲများကို ပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးတော်မူသည်။

ထိုသို့ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ချီးမြှင့်ပေးသည့် ဆရာတော်၊ သံဃာတော်များအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက အချိုရည်၊ အအေးနှင့် သောက်တော်ရေများ၊ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)