နတ်မောက်မြို့၌ နှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီး ဘိုး၊ ဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

နတ်မောက် ဧပြီ ၁၉

မကွေးတိုငိးဒေသကြီး၊ နတ်မောက်မြို့၌ နှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီး ဘိုး၊ ဘွား များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ နှစ်ဦးပရိတ်ရွတ်ဖတ်ရာတွင် ပင့်သံဃာတော်ကိုးပါးမှ အန္တာရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ခဲ့ကြပြီး ဆုတောင်းပြည့် ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဥပ္ပလထံမှ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်များအား ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းမျိုးစုံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မြို့ပေါ်(၇)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၂၁) ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အလှူငွေများ၊ ဆေးဘူးများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

လှဝင်း