ငဖဲ ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၁၁၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် အစိုးရဆည်ရေ၊ ဆည်ငယ်ကန်ငယ်ရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးမည့် လယ်ယာမြေ များသို့ စိုက်ပျိုးရေများစနစ်တကျ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးပြီးစီးသည့် နှမ်းမျိုးများမှာ စမုန်နက် ၄၀၇ ဧက၊ ဆင်းရတနာ-၁၂ ဧက ၃၀၀၊ ဆင်းရတနာ-၃ ဧက ၅၀ နှင့် သိပ္ပံနှမ်းနက် ၆၉၀ ဧက စုစုပေါင်း ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၂၅၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ နွေနှမ်းအထွက်နှုန်းကောင်းမွန်ရန် စနစ်တကျ ရေသွင်းပေးရန်လိုအပ်ပြီး နှမ်းပင်အခြေရေမဝပ်ရန် စိမ့်ရေဖြင့်ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် ရေသွင်းပေးရကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရာသီ၌ စပါးနှင့်နှမ်းကို အဓိကထားစိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သီးနှံများပန်းတိုင် အထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေး နည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)