ဘားအံ ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲက မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများအိမ်ရာ ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားကို သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ (၉) ပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရစ္ဈာယ်တော်မူသည့် အန္တရာယ်ကင်းမေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်များက ကမ္မဝါစာများ ရွတ်ဖတ်သရစ္ဈာယ်ပေးတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများ၏ လမ်းဆုံ၊ လမ်းဂွများတွင်လည်း သက်ဆိုင်ရာဆရာ၊ ဒကာကျောင်းများအလိုက် သံဃာတော် အရှင်သူမြတ်များကိုပင့်ဖိတ်၍ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
အလားတူ ပြည်နယ်သူ၊ ပြည်နယ်သားများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေရန် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှကြီးမှူး၍ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မပီယကျောင်းဆရာတော်ဘဒ္ဒန္တခေမိသရလင်္ကာရ အမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းမှ ဆရာတော်ကြီး ၄၅ ပါးတို့သည် မြန်မာနှစ်ဆန်း (၂) ရက်နေ့တွင် ဘားအံမြို့အား မော်တော်ယာဉ်များဖြင့်လှည့်လည်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကြကာ မေတ္တာပို့သပေးခဲ့ကြသည်။
ဦးစွာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်မည့် ဆရာတော်၊ သံဃာတော်များသည် ဓမ္မပီယဘုန်းတော်ကြီးကျောင်းတွင်စုဝေးကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မပီယကျောင်းဆရာတော် ဘဒ္ဒန္တခေမိသရလင်္ကာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဓမ္မပီယကျောင်းမှစတင်၍ ကမ်းနားလမ်း၊ ရတနာဆင်ဖြူတော်လေးစီးနှင့် ဖားစည်အဝိုင်း၊ ထို့မှတစ်ဆင့် ဘားအံမြို့ရှောင်လမ်း၊ ရဲသာ (ကမော့ကစင်) လမ်းဆုံ၊ လှာကဒေါင်နဒုက္ခသုခံလမ်း၊ ဘားအံ-ကော့ကရိတ်လမ်းမှတစ်ဆင့် ရေကျော်-လှိုင်းဘုံ-လှာကမြင်လမ်း၊ မဲဘောင်-နောင်ပလိန်လမ်း၊ ဘားအံလှိုင်းဘွဲလမ်းဆုံမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ နာရီစင်မီးပွိုင့်၊ မင်းတန်းလမ်းမှတစ်ဆင့် ဓမ္မပီယကျောင်းသို့ လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကြကာ ဘားအံမြို့သူ၊ မြို့သားများ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မေတ္တာပို့သပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)