အောင်လံမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ် ဦးတင်ကိုကို ကွင်းဆင်းအားပေးကာ ဥစားကြက်မွေးမြူသူများနှင့်တွေ့ဆုံ

အောင်လံ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ဘွက်ကြီးကျေးရွာအုပ်စုအတွင်းရှိ “ရွှေတင့် ဝမ်း ဥစားကြက်မွေးမြူရေးဇုန်” သို့ ရောက်ရှိပြီး လုပ်ငန်းရှင်များ၊ ဒေသခံများနှင့် တွေ့ဆုံကာ မွေးမြူရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အောင်လံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက ဥစားကြက်မွေးမြူရေးဇုန်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုနိုင်က ဥစားကြက်မွေးမြူရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန်နှင့် နည်းပညာအရ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို အသေးစိတ်တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥစားကြက်မွေးမြူရေးဇုန်အတွင်းရှိ ကြက်ခြံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ မွေးမြူထားရှိမှုအခြေအနေများကို အားပေးကြည့်ရှုခဲ့ကြကာ လုပ်ငန်းရှင်များမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)