ဝါးခယ်မ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေး

ဝါးခယ်မ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီးဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အောင်ဇေယျ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တတိယအကြိမ် ပြင်ဆင်ထားသည့်ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ၂၀၂၁ခုနှစ် ဧပြီလ တစ်ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ငန်းများ ပြီးစီးနိုင်ရေးကို လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လွတ်လပ်ပွင့်လင်းမြင်သာမှုရှိကာ တရားမျှတမှုရှိရှိ ဆောင်ရွက် သွားနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက်ခွဲကာ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)