အောင်လံ ဧပြီ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာအုပ်စုရှိ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ၌ စက်မှုလယ်ယာဦးစီးဌာနမှ ကျီရပ်ကုန်းကျေးရွာအုပ်စုအတွင်း စနစ်ကျလယ်ယာမြေ ၁၆၈ ဒသမ ၈၅ ဧက ဖော်ထုတ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းနွေသီးနှံများ စိုက်ပျိုးအောင်မြင်နေမှု အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုရဲတိုင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရန် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့၏လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးအတွက် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေအတွင်း စိုက်ပျိုးဖြစ်ထွန်းနေမှုများနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)