မင်းဘူး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အမှတ်(၄) နယ်မြေတွင်တည်ရှိသာ ရှင်မင်းဘူးစေတီတော် မြတ်ကြီး သည် မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး စေတီတော် မြတ်ကြီးကို သက္ကရာဇ် (၂၃၈) ခုနှစ်တွင် မယ်မင်းပူး ဆိုသူအမျိုးသမီးမှ တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ရှင်မင်းဘူး စေတီတော်မြတ်ကြီးကို ပုဂံမင်းဆက် (၅၅) ဆက်ရှိသည့်အနက် (၃၆) ဆက်မြောက် မင်းဖြစ်သော စလေငခွေး ဘုရင်မဖြစ်မီကာလက ယခုမင်းဘူးမြို့သည် ဟိုယခင်က ဇေယျာလှဆိုသော ရွာကြီးဖြစ်သည်။ ဇေယျာလှရွာသူ မမင်းပူးဆိုသူအမျိုးသမီးသည် ဗေဒင်လက္ခဏာ တတ်ကျွမ်းသူဖြစ်၍ စလေငခွေးမှာကား လှေထိုးသားဘဝနဲ့ အောက်ပြည် အောက်ရွာကိုရောက်ရှိလာပြီး ဇေယျာလှရွာ သို့အရောက်တွင် မယ်မင်းပူးထံ ဗေဒင်လက္ခဏာ မေးကြည့်ရာ လာဘ်ဦးကိုပယ်လျှင် ရှင်ဘုရင်ဖြစ် လိမ့်မည်ဟု ဟောကြားခဲ့သည်။
စလေငခွေးကလည်း ကျွန်ုပ်ရှင်ဘုရင်ဖြစ်လျှင် အသင့်ကိုမိဖုရားကြီး မြှောက်ပါမည်ဟု ကတိပေးခဲ့ပြီး နောက် လှေကိုဆန်တက်သွားသောအခါ စလေမြို့ရေ ( ၉ )မှော်အရောက် လှေထိုးဝါးတွင် ရွှေလင်ပန်း ( ၇ ) ချပ်ကပ်ငြိပါလာရာ မယူဘဲလာဘ်ဦးကို ပယ်ခဲ့သည်။ ထိုအချိန်က ပုဂံပြည်တွင် မင်းဆက်ပြတ်သော အချိန်ဖြစ်၍ မင်းလောင်းရှာနေချိန် စလေငခွေးရောက်ရှိသွားပြီး သက္ကရာဇ် ( ၂၃၈ ) ခုနှစ်တွင် ပုဂံမင်းဆက် ( ၃၆ ) ဆက်မြောက် ဘုရင်ဖြစ်၍ ထီးနန်းတက်ခဲ့သည်။
စလေငခွေး ဘုရင်ဖြစ်လာသောအခါ ကတိပြုခဲ့သော ဇေယျာလှရွာသူ မယ်မင်းပူးအား မိဖုရားကြီး မြှောက်ပြီး ပုဂံပြည်သို့ ခေါ်ဆောင်ရာ မိဖုရားကြီး မယ်မင်းပူးက ပုဂံပြည်သို့မလိုက်မှီ မိမိဇာတိရပ်ရွာတွင် ဘုရားတစ်ဆူ တည်ခွင့်တောင်း၍ ရွှေလှည်း ( ၉ )စီး၊ ငွေလှည်း ( ၉ ) စီးဌာပနာ၍ ဘုရားတစ်ဆူ တည်ခဲ့သည်။ မယ်မင်းပူး တည်ခဲ့သော ဘုရားဖြစ်ခြင်းကြောင့် မယ်မင်းပူးဘုရားရယ်လို့ လူသိများခဲ့ရာမှ ကာလရွေ့လျောလာတဲ့အခါ မမင်းဘူးဘုရားဖြစ်၍ ယခုအခါ ရှင်မင်းဘူးစေတီတော် မြတ်ကြီးရယ်လို့ မင်းဘူးမြို့ရဲ့အခြား အထင်ကရ ဘုရားများနည်းတူ တန်ခိုးကြီး စေတီတစ်ဆူ ဖြစ်ခဲ့သည်။
ရှင်မင်းဘူး စေတီတော်မြတ်ကြီးကို သက္ကရာဇ် ( ၁၉၉၄ ) ခုနှစ်တွင် ယခုလက်ရှိ ကျောင်းထိုင်ဆရာတော် ဦးဇဝန ရောက်ရှိသတင်းသုံးပြီး ပျက်စီးနေသော တံတိုင်းများ ပြုပြင်ပြီး၊ မုခ်ဦးများပြုပြင် ဆောက်လုပ်ရာတွင် အထက်မင်းလှမြို့ ဓမ္မိကတောရ စာသင်တိုက် မြကင်းတောင် ဆရာတော်ကြီး ဦးသာသန ဦးစီးနာယကပြု၍ ဆရာတော်ဦးဝါယမ လမ်းညွှန်ကာ မင်းဘူးမြို့ ဟီးရိုးလျှပ်စစ် ပစ္စည်း အရောင်းဆိုင်မှ ဦးကျော်လွင် ဒေါ်ပေါက် မိသားစု မတည်ငွေနှင့် အများကောင်းမှု လှူဒါန်းငွေများဖြင့် အသစ်ပြုပြင်ပြီး ရွှေသင်္ကန်းများ ဆက်ကပ်၍ ရွှေထီးတော်ကြီးအား တင်လှူပူဇော်ခဲ့ပါသည်။ ယခုအခါ ရှင်မင်းဘူးစေတီတော် မြတ်ကြီးရယ်လို့ တန်ခိုးကြီး၍ နိုင်ငံတကာမှ ဘုရားဖူးဧည့်သည်များဖြင့် ဖူးမြော်ကြည်ညိုလျက်ရှိပါတော့သည်။
ဇေယျာထက် (မင်းဘူး)