ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဇီးကုန်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်၊ အသုံးအဆောင်နှင့် အလှူငွေများပေးအပ်

ဇီးကုန်း    ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီ ၁၈ ရက်က ဇီးကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်၊ အသုံးအဆောင်နှင့် အလှူငွေများပေးအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေဘေးသင့်အိမ်ထောင်စုဝင်များကို တွေ့ဆုံ၍အားပေးစကားပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက  ဆန်၊ ဆီနှင့် အသုံးအဆောင်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများအား လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ကုန်းကျေးရွာရှိ အမိုးလန်နေအိမ်များအား ပြန်လည်ပြုပြင်နေမှုအားကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ဧပြီ ၁၇ ရက် ညနေ ၅ နာရီခွဲက  မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၈)အုပ်စုအတွင်း နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် အမိုးလန်ခြင်း၊ လူနေအိမ်အချိုပြိုလဲခြင်း၊ ရန်ကုန်-ပြည် မော်တော်ကားလမ်းတစ်လျှောက်နှင့် လမ်းသွယ်များအတွင်း သစ်ပင်များပြိုလဲခြင်း၊ မီးတိုင်အချို့ကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရာ အမိုးလန်နေအိမ် ၃၇၅ လုံး၊  ဘုန်းတော်ကြီးကျောင်း  ၅ ကျောင်းနှင့် စာသင်ကျောင်း ၇ ကျောင်း အမိုးလန်၍ လူနေအိမ် ၁၀ လုံးပြိုကျခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်