ဆိပ်ဖြူမြို့နယ်တွင် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ဆိပ်ဖြူ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဧပြီလ (၁၈) ရက်နေ့ နံနက် ၇ နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် မြို့အဝင်နေရာများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးကြောင်း သိရသည်။

အဆိုပါပူဇော်ပွဲကို ဆရာတော်သံဃာတော်များ၏ သြဝါဒခံယူ၍ ဗုဒ္ဓတရားတော်ဖြင့် ရပ်ရွာဒေသပြည်သူများ ဘေးအန္တရာယ်ကင်းဝေးငြိမ်းချမ်းသာယာရရှိစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ ရပ်မိရပ်ဖဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်သည်။

ရှေးဦးစွာ ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ရွှေသာလျောင်းဗိမ္မာန်တော်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ဂေါပကအဖွဲ့၊ ရပ်မိရပ်ဖဒေသခံပြည်သူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် မြို့အဝင်နေရာများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်ရေ၊ ပရိတ်သဲများကို ပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးတော်မူသည်။

ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ချီးမြှင့်ပေးသည့် ဆရာတော်၊ သံဃာတော်များအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက အချိုရည်၊ အအေးနှင့်သောက်တော်ရေများ၊ လှူဖွယ် ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)