မကွေး ဧပြီ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ကုသိုလ်အဖြစ် သက်ကြီးအဘိုး၊ အဘွားများအားပူဇော်ကန်တော့ပွဲကို ယမန်နေ့ညနေပိုင်းက မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာအခမ်းနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ကာ ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါး ဦးထိပ်ထား၍ သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မကွေးမြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၆၅ ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က စုစုပေါင်းလှူဒါန်း ငွေကျပ် ၆၄ သိန်းကျော် တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းပေးအပ်ကန်တော့ကြပြီး အဘိုး၊ အဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)