မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို အောင်လံမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ

အောင်လံ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အောင်လံခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အောင်လံမြို့၊ အောင်မြေရွှေဝါခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က ခရိုင်အတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ အောင်လံမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖဦးတင့်ထွန်းတာက လည်းကောင်း၊ ဒေသလိုအပ်ချက်များကို ရွှေညောင်ပင်ကျေးရွာမှ တောင်သူ ဦးမြင့်ခိုင်က လည်းကောင်း၊ အသေးစား၊ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများအတွက် လိုအပ်ချက်များကို လုပ်ငန်းရှင် ဦးဌေးမောင်က လည်းကောင်း တင်ပြခဲ့ကြသည်။

ယင်းသို့ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး ဖြေရှင်းပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)