လွိုင်ကော် ဧပြီ ၁၈
လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ လွိုင်ကော်အကျဥ်းဦးစီးဌာန၊ ဓမ္မာရုံ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် (၄၀/၂၀၂၆) မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ် အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၄၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးခဲ့ရာ လွိုင်ကော်အကျဥ်းထောင်မှ အကျဥ်းသား (၇)ဦး၊ အကျဥ်းသူ (၁)ဦး ပေါင်း (၈)ဦးတို့အား လွတ်ငြိမ်းခွင့်ပြုသည့် အခမ်းအနားအား ယမန်နေ့နံနက်(၉)နာရီတွင်ကျင်းပသည်။
အခမ်းအနားသို့ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်၊ လွိုင်ကော် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ လွိုင်ကော်အကျဉ်းထောင် ဦးစီးအရာရှိ ဦးအေးချမ်းအောင်၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင် တို့ တက်ရောက်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်မည့် အကျဥ်းသား (၇)ဦး၊ အကျဥ်းသူ (၁)ဦးတို့အား ပြစ်မှုများထပ်မံမကျူးလွန်ရန် ဆုံးမသြဝါဒများ ပြောကြားကာ ၀၉၄၅အချိန် လွိုင်ကော်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(လွိုင်ကော်)