စလင်းမြို့၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

စလင်း ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၁၇ ရက်နေ့ ညနေ့ ၆ နာရီခွဲက စျေးမရပ်ကွက်၊ မြတ်ရတနာဓမ္မာရုံကြီးအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ငွေတောင်ဦးကျောင်းဆရာတော် ဦးပညာသီရိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များနှင့်ဧည့်ပရိတ်သတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပြီး မဟာပဋ္ဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ စေတနာရှင်၊ အလှူရှင်များ၊ စုပေါင်းကျင်းပဖြစ်ပြီး မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ လေးရက်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။

စလင်းမြို့နယ်တွင် ကျင်းပပြုလုပ်သည့် မြို့နယ်လုံးဆိုင်ရာ အသံမစဲပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲသို့ ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အချိုရည်များကို နေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။            

မောင်လွင်(စလင်း)