မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်များအလိုက် နှစ်ဦးကုသိုလ်ပြု

နေပြည်တော်  ဧပြီ ၁၈

၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ငါး၊ ငှက်လွှတ်ခြင်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တော်များကို လှည့်လည်ရွတ်ဖတ်ပူဇော်ပြီး ပရိတ်ရေများ ပက်ဖျန်းပေးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

နှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ မှော်ဘီ၊ လမ်းမတော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ၊ မြောင်းမြ၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ရွှေသောင်ယံနှင့် ငွေဆောင်မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် မိုးနဲ၊ မိုင်းရယ်၊ နောင်ချို၊ မိုင်းယန်းနှင့် ကွန်ဟိန်းမြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ကျောက်တံခါးနှင့် ကဝမြို့နယ်တို့၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူနှင့် နတ်မောက်မြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တို့၌လည်းကောင်း သက်ကြီးပူဇော်ပွဲများ၊ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ၊ ဇီဝိတဒါနငါးလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတစ်ဝန်း မြန်မာ့နှစ်သစ်ကို ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများဖြင့် အေးချမ်းပျော်ရွှင်စွာ ကူးပြောင်းသည့်အနေဖြင့် နှစ်ဦးကုသိုလ်များအဖြစ် မြို့နယ်တိုင်းတွင် နှစ်သစ်ကူးစတုဒိသာအလှူများ၊ သက်ကြီးရွယ်အိုများအား ခြေသည်းလက်သည်းညှပ်ခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများနှင့် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားများသို့  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များမှ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန