ငါးသိုင်းချောင်းမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကျင်းပ

ငါးသိုင်းချောင်း ဧပြီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကျင်းပလျက်ရှိသော မြို့ပတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့ညနေ ၃ နာရီ စတင်၍ ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ငါးသိုင်းချောင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းပေါင်း(၆၀)၌ သီတင်းသုံးတော်မူကြသည့် ဝါဆိုသံဃာတော်များနှင့် ဝါဆိုသီလရှင်များအား ဖြူစင်သည့်စေတနာသဒ္ဒါတရားတို့ဖြင့် ဝမ်းမြောက်စွာ ဆွမ်းဆန်တော်များ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ လက်ဖက်ခြောက်နှင့် အခြားဝေရာဝစ္စများအပြင် ဒါနပါ ဝတ္ထုငွေ စသည့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြို့ပတ်ဆွမ်းဆန်စိမ်းလောင်းလှူရာတွင်လည်း ရပ်ကွက်အလိုက်မဏ္ဍပ်များဖွဲ့၍လည်းကောင်း၊ ဝန်ထမ်းမိသားစုမဏ္ဍပ်များဖွဲ့၍လည်းကောင်း လှူဒါန်းခဲ့ကြပြီး မြို့နေပြည်သူများကလည်း မြို့လမ်းတစ်လျှောက်တွင် စီတန်းလျက် သံဃာတော်ရှင်သူမြတ်များအား ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)