ကယားပြည်နယ်ဝန်ကြီးချုပ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးပူဇော်ကန်တော့ပွဲ တက်ရောက်

လွိုင်ကော် ဧပြီ ၁၈

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့ နေ့လယ်က လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥဒုတိယက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက သက်ကြီးဘိုးဘွားများကို ဩကာသကန်တော့ကျိုးဖြင့် ကန်တော့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးက ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်။

ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဩဝါဒဆုပေးစကား ပြောကြားကာ သာဓုသုံးကြိမ်ခေါ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။ အခမ်းအနားတွင် အသက် (၈၀) အထက်ဘိုးဘွားများအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြသည်။ အခမ်းအနားတွင် သက်ကြီးဘိုးဘွား (၇၁) ဦးအား ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးဘိုးဘွား (၉) ဦးအား လှူဖွယ်ပစ္စည်းများ အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)