ဘားအံ ဧပြီ ၁၇
မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၁၇၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည်။
အကျဉ်းသား၊အကျဉ်းသူများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဘားအံအကျဉ်းထောင်မှ နိုင်ငံသား အကျဉ်းသား (၅၃)ဦး၊ အကျဉ်းသူ (၁၂) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အကျဉ်းသား (၅၁)ဦး၊ အကျဉ်းသူ(၂၇)ဦး၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းမှ (၁၈)ဦး၊ မာလာဖူးကုန်ထုတ် စခန်းမှ ၁၁ ဦး စုစုပေါင်း ၁၇၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည်။
ထိုသို့ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပြုပေးရာတွင် သက်ဆိုင်ရာအကျဉ်းထောင်၊ အကျဉ်းစခန်းအလိုက် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများပြောကြားပြီး ထောင်လွတ်လက်မှတ်၊ ခရီးစရိတ်၊ စားစရိတ်နှင့်လုပ်အားရှင်အကျိုးခံစားခွင့်များထုတ်ပေး၍ လိုအပ်သည့်ကူညီမှုများဆောင်ရွက်ပေးကာ နံနက်ပိုင်းတွင် အကျဉ်းထောင်၊ အကျဉ်းစခန်းများမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)