မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

ဘားအံ ဧပြီ ၁၇

မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ရာ ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတက်နေ့ ညဉီးပိုင်းက မဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မဏ္ဍပ်ဆု၊ တပင်တိုင်အက၊ Copy သံစဉ်ယိမ်းနှင့် ကိုယ်ပိုင်သံစဉ်ယိမ်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသူများကို လည်းကောင်း၊ ကိုယ်ပိုင်သံစဉ်ယိမ်း(အဆိုဆု) တပင်တိုင်(အဆိုဆု) တပင်တိုင်(ဂီတစာဆိုဆု) ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ ကိုလည်းကောင်း၊ တပင်တိုင်ပဥ္စမမှတတိယထိ၊ Copy သံစဉ်ယိမ်း သတ္တမမှတတိယထိ၊ ကိုယ်ပိုင်သံစဉ်ယိမ်း သတ္တမမှ တတိယထိ ရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးညွန့်လင်းက ကိုယ်ပိုင်သံစဉ်ယိမ်းဒုတိယဆုကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက တပင်တိုင်အက ပထမဆုကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက က Copy သံစဉ်ယိမ်းအက ပထမဆုကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုယ်ပိုင်သံစဉ်ယိမ်းအက ပထမဆုကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ပထမဆုရရှိကြသော Copy သံစဉ်ယိမ်း၊ ကိုယ်ပိုင်သံစဉ်ယိမ်းအဖွဲ့နှင့် တပင်တိုင်အက အဖွဲ့တို့က ပြန်လည်ကပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်တွင် လူသစ်၊ စိတ်သစ်ဖြင့် တစ်နေ့တာလုပ်ငန်းများကို ပျော်ရွှင်စွာဆောင်ရွက်နိုင်ကြပြီး စည်းလုံးခြင်း၊ ညီညွှတ်ခြင်း၊ အလှူဒါနပြုခြင်း များနှင့်အတူ မိမိအကျိုး၊ ပြည်နယ်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပိတ်သိမ်းပေးသည်။

ထို့နောက် ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့တက်ရောက်လာသော သင်္ကြန်ယိမ်းအဖွဲ့များက ကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သပြေခက်ဖြင့် အတာရေအေးပက်ဖျန်း ပေးခဲ့ကြကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)