မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ဟိုင်းကြီးကျွန်း ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများသည် ကုန်းလမ်းရေလမ်းမှ သင်္ဘောများ၊ ကားများဖြင့် လာရောက်ကြပြီး ဘုရားကုန်းတော်အနီးရှိတည်းခိုရိပ်သာများနှင့် ကုန်းတော်အောက်ရှိ ရင်ပြင်တော်ပထမထပ်အတွင်း အနားယူအပန်းဖြေကြပြီး မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဥပုသ်သတင်းသီလ ဆောက်တည်ခြင်း၊ အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကိုပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအားသွားရောက်ဖူးမြော်ခြင်း၊ ကျောက်ကလပ်သို့ သွားရောက်၍ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ လာရောက်လည်ပတ်ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)