ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၈ ခုနှစ် ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ဟားခါး ဧပြီ ၁၇

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့၊ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့၊ ကျောဘုတ်သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ) အရှင်မြတ်ထံမှ ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြ၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျာယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပူဇော်ကြသည်။

ယင်းနောက် ပင့်သံဃာတော်အရှင်သူမြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာမှ ဆရာတော်အရှင်မြတ်ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)