မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

မင်းဘူး ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ပြီးနောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်သျှောင်တော်အား စက်ခလုပ်နှိပ်ပိတ်သိမ်းခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား သော့ခတ်ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး မန်းရွှေစက်တော်ရာဘုရားရှိ သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်၌ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် ပါဒစေတီတော်နှစ်ဆူ ခြေတော်ရာ ပိတ်သိမ်းပွဲအောင်မြင်ခြင်းအထိမ်းအမှတ် မဟာအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ကိုးပါးသီးလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးကုသိုလ်အဖြစ် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ ၂၅၀၀၀ ကို ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုဆောင်ရွက်ခြင်းနှင့် အောက်စက်တော်ရာ နဂါးအိုင်တွင် နဂါးစာကျွေးကုသိုလ်ပြုခြင်း၊ ကိုးခန်းကြီးဘုရားမှ အထက်စက်တော်ရာသို့ တက်ရောက်နိုင်ရန် ဓာတ်လှေကားတည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန်းရွှေစက်တော်ဘုရားကြီးအတွက် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီးနောက် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသို့ သွားရောက်၍ ရှင်းလင်းဆောင်၌ ဆင်စခန်းဖွင့်လှစ်ထားရှိမှုနှင့် ဆင်ပြတိုက်ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားကာ ဆင်ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာကာ ဆင်နားနေဆောင်အတွင်း ဆင်စာများကျွေးမွေးလှူဒါန်းခဲ့သည်။

မန်းရွှေစက်တော်ရာဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်ပြီး ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာဘုရားကြီး၏ (၂၅၉၂)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ယခုနှစ်ဘုရားပွဲတော်ကာလတွင် တည်ခိုးဆောင်အခန်းပေါင်း ၅၁၉ ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၂၆၅ ဆိုင် ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီး အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း ၂၂၀၀၀၀ ခန့် လာရောက်ခဲ့ကြောင်း၊ မန်းရွှေစက်တော်ရာ ဗုဒ္ဓပါဒခြေတော်ရာနှစ်ဆူ ပိတ်သိမ်းသွားသော်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများအနေဖြင့် ရာသီမရွေးစိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)