ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ပဲခူး ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ (၁၅၀၀၀၀)အား ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ငှက်မျိုးစုံ(၁၅၀)ကောင်အား ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နှစ်ဟောင်းမှ နှစ်သစ်ကိုကူးပြောင်းသည့် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲဆိုသည့် ကောင်းမြတ်အသောအစဉ်အလာတစ်ခုကို လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သလို သက်ကြီးသူတွေကို ရှေးအစဉ်အလာဓလေ့ထုံးစံများအရ အလေးအမြတ်ထား ပြုစုစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အဘိုးအဘွားများသည် မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အဖိုးတန်ရတနာများဖြစ်ကာ လူအဖွဲ့အစည်း၏ ရိုသေလေးစားမှု၊ ပြုစုစောင့်ရှောက်မှုတို့ကို ဂုဏ်သိက္ခာရှိရှိ ခံယူခွင့်ရရှိကြသူများဖစ်ကြောင်း၊ မိမိတို့လူငယ်၊ လူရွယ်၊ လူလတ်အားလုံးသည် အဘိုးအဘွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံလုံခြုံခြုံနွေးနွေးထွေးထွေးဖြင့် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ဖို့အားလုံးက ဝိုင်းဝန်းအားပေး မြှင့်တင်စောင့်ရှောက်ပေးကြရမှာဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာ အခါသမယမှာ သက်ကြီးဝါကြီးဘိုးဘွားများနှင့်တကွ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံတော်နှင့် ဘာသာ/သာသနာ အကျိုး၊ ပြည်သူ့အကျိုး၊ ဒေသအကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ကြီးပွားတိုးတက်အောင် ထမ်းရွက်နိုင်ကြစေလိုကြောင်း မေတ္တာပို့ နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော တက်ရောက်လာကြသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးအဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘွား ဒေါ်ဌေးဌေးမြင့်က ဆုပေးစကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ပေါ် ရပ်ကွက်နှင့် သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၆၉)ဦးအား ပူဇော်ကန်တော့ကြခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်အား သံဃာတော်များဖြင့် မြို့တွင်း/မြို့ပြင် မော်တော်ကားများဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)