ကြံခင်းမြို့၌ မြို့လုံးကျွတ်စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကား

ကြံခင်း ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ မြို့လုံးကျွတ်စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ရေပက်ခံလာရောက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကြံခင်းမြို့၏ အလေ့အထအဖြစ် နှစ်စဉ်မြို့လုံးကျွတ်လှူဒါန်းလျက်ရှိရာ နှစ်ဆန်းတစ်ရက်နေ့ ရောက်တိုင်း စေတနာရှင်ခုနှစ်ရက် သားသမီးများမှ ဘုရား၊ စေတီ၊ ဘုန်‌တာ်ကြီးကျောင်းများနှင့် နေအိမ်များတွင် စတုဒီသာ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ သင်္ကြန်ထမင်း၊ အချိုရည်စသည့် စတုဒီသာများဖြင့် အနယ်အနယ်အရပ်ရပ်မှ  လာရောက်ရေကစားကြသူများနှင့် လူမျိုးမရွေး ဘာသာမရွေးကို လှူဒါန်းပေးလျက်ရှိကြသည်။ ဗဟိုမဏ္ဍပ်တွင်လည်း တေးသံရှင်များက ဖျော်ဖြေပေးလျက်ရှိရာ ရေပက်ခံလာရောက်သူများဖြင့် စည်းကားလျက်ရှိပြီး ရပ်ကွက်အတိုင်းရှိ ရေကစားမဏ္ဍပ်များတွင် ရေပက်ခံထွက်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြသည်။

ကြံခင်းမြို့၌ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ နှစ်စဉ်အစဉ်အလာမပျက် ရေကစားသူများ၊ စတုဒီသာအမျိုးမျိုး လှူဒါန်းကြသူများဖြင့် စည်းကားလျက်ရှိပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဘုရား၊ စေတီ၊ ဘုန်‌တာ်ကြီးကျောင်းများတွင်  ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှူများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)