တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် ဧပြီ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အသက် (၉၀) နှစ် အထက်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းအကြောင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အဘိုးအဘွား (၃၅) ဦး အားပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက အဘိုးအဘွားများအား အလှူငွေများနှင့် ကန်တော့ပစ္စည်းများပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မိတ်ဆက်အမှာစကား ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် အဘိုးအဘွားများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များအဖွဲ့က ကျန်းမာရေးဆေးစစ်ကုသပေးသည်။ လှူဒါန်းမှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မိသားစုများက ကန်တော့ပစ္စည်းများနှင့် ဆေးဝါးများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထားဝယ်မြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်အထက် အဘိုးအဘွား (၂၈၂) ဦးအားတစ်ဦးလျှင် (၅၀၀၀၀) နှုန်းဖြင့်စုစုပေါင်းငွေကျပ် (၁၄၁) သိန်းအားလည်းကောင်း၊ ကန်တော့ခံအဘိုးအဘွား (၃၅) ဦးအတွက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းငွေကျပ် (ငါးသိန်းနှစ်သောင်းတိတိ) အားလည်းကောင်းလှူဒါန်းကြပြီး ပူဇော်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်သော အဘိုးအဘွားများအားတာဝန်ရှိသူများက အိမ်တိုင်ရာရောက် အလှူငွေများနှင့် ကန်တော့လက်ဆောင်ပစ္စည်းများပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ထားဝယ်မြို့၊ တလိုင်းမရပ်၊ ကမ်းနားလမ်း၊ ထားဝယ်ရိုးရာ သပိတ်မျှောကွင်း၊ ထားဝယ်မြစ်ကမ်း၌ ဆက်လက်ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကကတစ်ငါးနှင့် ဒေသထွက်ငါးများ စုစုပေါင်းအကောင်ရေ (၃၀၀၀) ကောင်အား ထားဝယ်မြစ်အတွင်းသို့ ကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)