မြဝတီ ဧပြီ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ မြဝတီမြို့ရွှေမြင်းဝန်း ပရဝုဏ်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်၌ ယနေ့နံနက် (၆) နာရီက ပင့်သံဃာဆရာတော်ကြီး (၁၁) ပါးတို့အား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဆပ်ကပ်လှူဒါန်းပြီး မြဝတီမြို့ မြသုခ(၂၇၅) တပ်ဦး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလခံယူခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်ကို နာယူကြည်ညို ပူဇော်ကြပြီး မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ အာရှလမ်းမကြီးတစ်လျှောက် အမှတ်(၂) ချစ်ကြည်ရေးတံတားထိ အန္တရာယ်ကင်းပရိတ်တရားများ လှည့်လည်ရွတ်ပွားပူဇော်ခဲ့ကြသည်။
ထို့နောက် နံနက် (၇) နာရီတွင် အမှတ် (၁) ထိုင်းမြန်မာချစ်ကြည်ရေးတံတားအောက် မီးမျှောပွဲ ပြုလုပ်သည့်နေရာ၌ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကို ဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ လေးသောင်းကျော်အား သောင်ရင်းမြစ်ထဲသို့ ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။
ယင်းနောက် ရွှေမြင်းဝန်း ပရဝုဏ်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဂါရဝါပြု ပန်ကြားလွှာ ဖတ်ကြားပေးပြီး ဘိုးဘွားများအား ကန့်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြကာ အဘိုးတစ်ဦးမှ ဆုံးမဩဝါဒစကားပြောကြား၍ ဆုမွန်ကောင်းများပေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များက အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၈) ဦးတို့အား လှူဒါန်းငွေများ၊ အလှူပစ္စည်းများ၊ အားဆေးများ၊ အားဖြည့်အချိုရည်များ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)