ကရင်ပြည်နယ်၊ မြဝတီမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး လမ်းလျှောက်သင်္ကြန်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြဝတီ ဧပြီ ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ဆင်ယင်ကျင်းပသော မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် အမှတ် (၄) ရပ်ကွက်ရှိ မြစန္ဒီပန်းခြံဖျော်ဖြေရေး မဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်းလျှောက်သင်္ကြန်ပွဲတော်ပိတ်သိမ်းပွဲ အခမ်းအနား၌ နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုနှုတ်ခွန်းဆက်အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ရှေ့တန်း အမှတ် ၂၇၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟံဦး၊ ခရိုင်စီမံအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး စံရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဟိန်း၊ မြဝတီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြဝတီမြို့နယ် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် ကျင်းပစဉ်ကာလအတွင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသော ယိမ်းအဖွဲ့များအား အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုဆုငွေများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးလမ်းလျှောက်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေညာပေးကာ ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုကို ကြည်ရှုအားပေးပြီး အတာရေစင်များဖြင့်ပက်ဖျန်း၍ နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)