မြန်မာနှစ်ဆန်း (၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ပွားပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကျင်းပ

နေပြည်တော် ဧပြီ  ၁၇

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့တွင် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့နယ်များတွင် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း၊ ဆည်တာတမံ၊ အင်းအိုင်၊ ချောင်း၊ မြောင်းများတွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများပူဇော်ပွဲများ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပကာ နှစ်ဦးကုသိုလ်ဒါနပြုလျက်ရှိကြသည်။

နှစ်ဆန်း (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ၊ တိုက်ကြီး၊ ဒလ၊ ရန်ကုန်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်းမြို့နယ်များ၊ ထန်းတပင်နှင့် တံတားမြို့များ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်၊ လက်ပံတန်း၊ သဲကုန်း၊ ဇီးကုန်း၊ နတ်တလင်း၊ အုတ်ဖို၊ သာယာဝတီ၊ ပေါက်ခေါင်းနှင့် ဝေါမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ပန်းတနော်၊ အင်္ဂပူ၊ အိမ်မဲ၊ ဇလွန်၊ ဓနုဖြူ၊ မအူပင်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ လပွတ္တာ၊ လေးမျက်နှာ၊ ပြင်စလူနှင့် ဖျာပုံ မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူ၊ မြို့သစ်၊ စေတုတ္တရာ၊ သရက်၊ အောင်လံ၊ ဆိပ်ဖြူနှင့် စလင်းမြို့နယ်တို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌လည်းကောင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ်၌ လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌လည်းကောင်း၊ ရှမ်းပြည်နယ် နမ့်စန်၊ လွိုင်လင်၊ မိုင်းယောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ မောက်မယ်နှင့် မိုင်းရှူးမြို့နယ်တို့၌ လည်းကောင်း ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းစသည့် ကုသိုလ် ကောင်းမှုများကို ဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားများတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့မှ ဦးဆောင်ကာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက စုပေါင်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။   ထို့ပြင် နှစ်သစ်ကူး အခါသမယ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသများတွင်လည်း ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များကိုပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားကျောင်းကန်များတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ ဘုရားစေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီးများထွန်းညှိ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန