မြောင်းမြ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အတက်နေ့) ညနေပိုင်းတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ညနေ ၆ နာရီတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
မြောင်းမြမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌အကြိုနေ့မှ စတင်၍ ပညာရေးဌာနမှ ယိမ်းအဖွဲ့ (၅) ဖွဲ့ဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာနှင့် ရပ်ကွက်များမှ ယိမ်းအဖွဲ့ (၅) ဖွဲ့ဖြင့်လည်းကောင်း ယိမ်းအကအလှများဖြင့် ကပြယှဉ်ပြိုင်လျက်ရှိရာမှ ဆုရရှိသည့် ယိမ်းအဖွဲ့များ၊ အကဲဖြတ်ဒိုင်နှင့် အခမ်းအနားမှူးများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြောင်းမြခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် ဆုရယိမ်းအဖွဲ့များမှ ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး မြနန္ဒသီချင်းဖြင့် သင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်သိမ်းခဲ့သည်။
ထို့ပြင် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)