ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဧပြီ ၁၇

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။‌

ဦးစွာ အငယ်တန်းနှင့် အကြီးတန်းယိမ်းပြိုင်ပွဲများတွင် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များနှင့် အထူးဆုရရှိသည့် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် မူလတန်းအုပ်စု (၃) ယိမ်းအဖွဲ့အား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ယိမ်းအဖွဲ့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောမူကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မူလတန်းအုပ်စု (၄) ယိမ်းအဖွဲ့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်တက္ကသိုလ်ယိမ်းအဖွဲ့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် သင်္ကြန်မယ်ဆုရရှိသည့်  မူလတန်းအုပ်စု (၁) မှ သင်္ကြန်မယ်အား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီးကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မူလတန်းအုပ်စု (၁) ယိမ်းအဖွဲ့အား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် သင်္ကြန်မယ်ဆုရရှိသည့် ပုသိမ်လေတပ်စခန်းဌာနချုပ်ကိုယ်စားပြု (ရွှေတောင်ပံသမီးပျိုများ) ယိမ်းအဖွဲ့မှ သင်္ကြန်မယ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် စည်ပင်သာယာရေးအဖွဲ့ကိုယ်စားပြု (လင်းလက်မေ) ယိမ်းအဖွဲ့တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီးနောက် ဖျော်ဖြေရေးအဖွဲ့များ၊ ဒိုင်အဖွဲ့ဝင်များ၊ လူမှုရေးနှင့် သဘာဝဘေးတို့တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ပစ်တိုင်းထောင်လူမှုကူညီရေးအသင်းကို ဂုဏ်ပြုဆုငွေများ ဆက်လက်ချီးမြှင့်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲတွင် ပထမဆုရရှိသော ယိမ်းအဖွဲ့များနှင့် ဆုရရှိသော သင်္ကြန်မယ်များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ဆုမွန်​ကောင်း​တောင်း၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေငြာပေးပြီး ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေများ ပက်ဖျန်းပေးခဲ့သည်။

ထို့အတူ နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများ၊ ဖျော်ဖြေရေးအဖွဲ့များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကာ ဌာနဆိုင်ရာများနှင့် ပြည်သူများကို ချစ်ကြည်ရင်းနှီးစွာ အတာရေစင်များ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)