တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

တောင်ငူ  ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယနေ့ညနေ ၄ နာရီက ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။

ဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား “မန်းတောင်ရိပ်ခို” သီချင်းဖြင့် ယိမ်းအကဖွဲ့များ ကပြဖျော်ဖြေ၍ အောင်မြင်စွာပိတ်သိမ်းသည်။

မဟာသင်္ကြန်အတက်နေ့တွင် တောင်ငူမြို့ ဗဟိုမဏ္ဍပ် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲ့များ၊ DJ နှင့် နိုင်ငံကျော်‌တေးသံရှင်များ၊ ဒေသခံတေးသံရှင်များမှ သီဆိုဖျော်ဖြေလျက်ရှိပြီး လမ်းလျှောက်သင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်မဏ္ဍပ်တို့၌ ပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကားသည်။

ထို့ပြင် တောင်ငူမြို့နယ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း သင်္ကြန်ရေကစား လည်ပတ်သူများဖြင့် စည်ကားခဲ့ပြီး ပြည်သူများမှ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြသည်။  ရေလာရောက်ကစားမည်သူများအား  တောင်ငူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် သင်္ကြန်အကြိုနေ့မှ စတင်ကာ နေ့စဥ်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

ဇော်ကိုကို(တောင်ငူ)