ပြည် ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းက မြို့အလယ်ဗိုလ်ချုပ်ကျောက်ရုပ်အနီး ဗဟိုမဏ္ဍပ်၌ကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက နှစ်သစ်မင်္ဂလာဆုတောင်းစကားပြောကြားသည်။
ထို့နောက် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ဒိုင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များနှင့် ပထမဆုရ ဆံတော်ရပ်ကွက်ယိမ်းအဖွဲ့၊ ဒုတိယဆုရ ရွှေတံခါးရပ်ကွက်ယိမ်းအဖွဲ့၊ တတိယဆုရ ရွာဘဲရပ်ကွက်ယိမ်းအဖွဲ့နှင့် အထူးဆုရယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဗဟိုမဏ္ဍပ်၌ ရေကစားလာရောက်သူများအား တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်မှုများ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် ညပိုင်းအထိ အေးချမ်းပျော်ရွှင်စွာရေကစားကြပြီး ပြည်မြို့၏ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)