လွိုင်ကော် ဧပြီ ၁၆
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲကို ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ကိုယ်စားပြု လှပျိုဖြူယိမ်းအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဗမာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုယ်စားပြု ဖူးသစ်စပိတောက်အလှယိမ်းအဖွဲ့၊ လူမှုရေးရာ ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ကိုယ်စားပြု ပန်းပျိုးသူယိမ်းအဖွဲ့နှင့် စည်ပင်သာယာ ရေးဝန်ကြီးဌာန ကိုယ်စားပြု သီရိမေယိမ်းအဖွဲ့တို့၏ ကပြယှဉ်ပြိုင်မှုများကိုလည်းကောင်း၊ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့သည့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သနပ်ခါးသင်္ကြန် မဏ္ဍပ်သို့သွားရောက်ကာ မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်ဆပ်ကော်မတီက ကြီးမှူးကျင်းပသည့် “မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်” ပြိုင်ပွဲဆုပေးပွဲသို့ တက်ရောက်သည်။ မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်ဆပ်ကော်မတီဥက္ကဋ္ဌက ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဘောက်နန်က ပထမဆုရရှိသည့် မသန့်ဟေသီစိုးအား လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ဖိုးမြာက ဒုတိယဆုရရှိသည့် မမေဦးခင်အား လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူး၏ဇနီး ဒေါ်လှနုဖြူက တတိယဆုရရှိသည့် မနန်းဆုမွမ်မွမ်ရှန်အား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ထမနဲသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ မြန်မာ့ရိုးရာထမနဲထိုးနေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ထမနဲစတုဒိသာများ ပေးဝေခဲ့ကြသည်။ ထို့နောက် လမ်းလျှောက်သင်္ကြန်အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြသည်။
မဟာသင်္ကြန်အတက်နေ့၌ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ ရေကစား မဏ္ဍပ်များ၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး စေတနာရှင် အလှူရှင်များက စတုဒီသာကျွေးမွေးကုသိုလ်ပြုကြသည်။
ပြည်နယ်ပြန်/ဆက်