ကန့်ဘလူ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့အထိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
ကန့်ဘလူမြို့နယ်အတွင်း နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ ထိန်းသိမ်းကာ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့်သင်္ကြန်ချစ်သူများက ရပ်ကွက်၊ကျေးရွာများအတွင်း ပျော်ရွှင်စွာအတာရေကစား၍ သနပ်ခါးသင်္ကြန်၊ လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲကာ ရွှေရင်အေး၊ ကြာဆံကြော် စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကာလအတွင်း ဘုရားကျောင်းကန်များ၌ ဥပုသ်သီလ ဆောက်တည်သူများဖြင့် များပြားလျက်ရှိပြီး ၁၃၈၈ ခုနှစ် နှစ်သစ်ကူး မြန်မာနှစ်ဆန်းတစ်ရက်တွင်လည်း အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)